Friday, October 25, 2019

ထမင်းရည်နဲ့ အသက်ဆက်ပြီး အောင်မြင်ကျော်ကြားလာတဲ့ ဝပ်ရှော့ဆရာ

ကိုအားနော် (ဆိုင်ကယ်ပြင်ဆရာ)


 မြစ်ကြီးနားမြို့ ပေါ်ကဆိုင်ကယ်ဝပ်ရှော့ ပိုင်ရှင်တစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် ခရီးလမ်း



မြစ်ကြီးနား၊ အင်ဂျန်ဒုံနယ်မြေ၊ ဆွမ်ပရာဘွမ်လမ်းမပေါ်မှာ ဖွင့်ထားတဲ့ Ah Naw ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဟာ တခါတလေဆိုရင်  ဆိုင်ကယ်လာပြင်တဲ့သူတွေနဲ့   ပြည့်လို့နေပါတယ်။ အဲဒီ ဆိုင်ကယ်ပြင်ဆိုင်ထက် ဒီဆိုင်ကို လက်ရှိ ဦးဆောင်နေတဲ့ ကိုအားနော်ရဲ့ဘဝဖြတ်သန်းခဲ့ပုံကတော့ပိုပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်။ မနက်စာကို ထမင်းရည်ပဲသောက်ပြီး၊ မိဘကင်းကွာစွာကြီးပြင်းခဲ့ရတဲ့သူတစ်ယောက်က ဘဝအခက်အခဲပေါင်းများစွာကို ရုန်းကန်ကျော်ဖြတ်ရင်း အခုအခါမှာတော့ မြစ်ကြီးနားမြို့ပေါ်က လူတိုင်းလိုလို သိနေတဲ့ ၀ပ်ရှော့ကိုဦးစီးနေပြီပဲဖြစ်ပါတယ်။


မိသားစုအကြောင်း

ကိုအားနော်သားဖသုံးယောက်


မြစ်ကြီးနား၊ အင်ဂျန်ဒုံနယ်မြေတစ်ဝိုက်မှာ အာနော် (Ah Naw) ဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့ကို မသိသူ ရှားပါတယ်။ သူကတော့ ကာမိုင်းမြို့နယ်၊ ဂေါ်ရီကျေးရွာ၊ ရပ်ကွက် (၁) မှာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်မှာ မွေးဖွားခဲ့သူပါ။ နာမည်အရင်းက ဖောင်ရောင်းနော်ဂျာ ဖြစ်ပြီး၊ အားနော်ဆိုတာက သူများချစ်စနိုးနဲ့ ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ သူ့မှာညီကို မောင်နှမ (၇) ယောက်ရှိပါပြီးတော့ သူကဒုတိယမြောက်သားဖြစ်ပါတယ် ။
သူ့ကိုမွေးဖွားပြီး အသက် (၁) နှစ်ခွဲအရွယ်မှာတော့ မိခင်ဖြစ်သူဆုံးပါးခဲ့ရတယ်။ သူ့မိခင်ဆုံးတဲ့နောက်ပိုင်း သူ့ဖခင်က နောက်အိမ်ထောင်ပြန်ကျတော့ မိထွေးနဲ့ပဲ ကြီးပြင်းလာခဲ့ရရှာတယ်။
ဒီလိုနဲ့ သူဖခင်ဖြစ်သူကလည်း ၂၀၀၄ ခုနှစ်မှာ ဆုံးသွားခဲ့ပြန်တယ်။ အဲဒီကာလမှာ သူ့အသက်က (၁၆) နှစ်၊ (၈) တန်းကျောင်းသားဘ၀ပဲ ရှိသေးပါတယ်။


ပညာဆည်းပူးတဲ့ဘဝ

ကိုအားနော် (ဆိုင်ကယ်ပြင်ဆရာ)

ဘ၀မှာ အားထားရသော မိဘနှစ်ပါးလုံး ဆုံးသွားခဲ့ပေမယ့် ကိုအားနော်ကဘဝကို အရှံးမပေးပဲမြစ်ကြီးနားမြို့ပေါ်ကအမျိုးတွေအိမ်မှာနေပြီး အထက်တန်းကျောင်းပညာကို ဆက်လက်ဆည်းပူးခဲ့တယ်။
လိုအပ်တဲ့ ကျောင်းစရိတ်အတွက် နွေရာသီကျောင်းပိတ်ရက်တွေမှာ ရွှေမှော်၊ ကျောက်မှော်သို့ သွားအလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ပညာရေးကို အဆုံးထိ သင်ကြားခွင့် မရခဲ့ဘူး။
ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်နိုင်ခဲ့ပေမယ့် ဘဝကို အရှုံးမပေးပဲ ၂၀၀၄ ကနေ၂၀၀၇ ထိ ကားဝပ်ရှော့ပညာကို လေ့လာဆည်းပူးခဲ့တယ်။
“ အဲဒီချိန်မှာ မနက်စာဆိုရင် ထမင်းရည်မှာ ဆား၊ သကြား တွေထည့်ပြီး သောက်ခဲ့ရတယ်။ ငှက်ပျောသီးတွေဆိုရင်လည်း အုန်းပွဲစွန့်မှ စားကြရတယ်။
ဒီ (၃) နှစ်၊ (၃) မိုးအတွင်းမှာ ဘုရားကျောင်းကို ခြေမလှမ်းနိုင်ခဲ့ရဘူး၊ ဘယ်လောက် ဒုက္ခရောက်ရင်လည်း မိသားစုကို မပူဆာဘူး ” ဆိုပြီး ကို အားနော်က ပြောပါတယ်။


ဆိုင်ကယ်ဝပ်ရှော့ စတင်လုပ်ဆောင်ခြင်း

ကိုအားနော်ရဲ့ ဆိုင်ကယ်ဝပ်ရှော့
 ဒီလိုနဲ့ ၂၀၀၈ မှာတော့ ရှိတဲ့ပိုက်ဆံကိုစုပြီး သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်ဝပ်ရှော့ကို စလုပ်ခဲ့တယ်။

“ ဒီဆိုင်ကယ်ပြင်တဲ့ ပညာက (၃) လ လောက်ပဲ သင်ခဲ့ရလို့ ၀ါယာရိန်းပိုင်း အားနည်းတော့ သူများဆိုင်ကို ပြန်ပို့ရတယ်၊ ပညာတွေပြန်ယူရတယ်၊ မသိရင်မေးယူရတယ်၊ အဓိကတော့ အပေါင်းအသင်းများရတာပေါ့။ ” ဆိုပြီးသူက ဆက်လက်ပြောပါတယ်။
ဆိုင်ကယ် အပိုပစ္စည်းများ


ဒါ့အပြင် နမ္မတီးနဲ့ အခြားနေရာတွေကိုလည်း ကားလိုက်ပြင်၊ ဆိုင်ကယ် ကယ်ရီ လိုက်တာတွေလည်း လုပ်ခဲ့သူပါ။
၂၀၀၉ ခုနှစ်ကစပြီး ခုထိ (၁၀) နှစ်တိုင်တိုင် သူကိုယ်တိုင်ဦးဆောင်နေတာပါ။ ဒါ့အပြင် ဆိုင်အပို ပစ္စည်းများကိုလည်း ရောင်းချရင်း ဆိုင်ကယ်ပျက်ပြီး ဒုက္ခရောက်နေသူများရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနေသူပါ။ လက်ရှိမှာတော့ သူမွေးထုတ်လိုက်တဲ့ ဆိုင်ကယ်ပညာ လာလေ့လာသူက (၂၅) ယောက်ရှိခဲ့ပါပြီ။


ပျော်ရွှင်တဲ့ မိသားစုကမ္ဘာ



၂၀၁၄ မှာတော့ စကားမတူ၊ လူမျိုးမတူ တောင်ငူက စကော ကရင်သူလေးနဲ့ အိမ်ထောင်ကျပြီး၊ ယခုချိန်မှာတော့သားလေး (၂) ယောက်နဲ့ ပျော်ရွင်တဲ့ အိမ်ထောင်ကို ပိုင်ဆိုင်နေသူပါ။ သူကတော့ ၂၀၁၅ ကနေ ကားအရောင်းအ၀ယ်လုပ်ရင်း သူ့ရဲ့မျော်လင့်နေတဲ့ ကွန်ပျူတာစနစ်သုံးပြီး ပြုပြင်လို့ရတဲ့ ကားဝပ်ရှော့ ဖွင့်နိုင်အောင်ကြိုးစားနေပါပြီ။


ဘဝမှာ မမေ့နိုင်တဲ့ အရာလေးတွေ

သူ့ဘဝရဲ့ မမေ့နိုင်တဲ့အရာလေးကတော့ “ အိမ်ထောင်ကျပြီး ဒီကိုတက်လာတော့ ပိုက်ဆံ ၁၅၀၀ ကျပ်ပဲ ကျန်တော့တယ်၊ အဲဒါလေးနဲ့ မနက်စာ သွားဝယ်စားပြီး ညနေပိုင်းက ဆိုင်ပြန်ဖွင့် အဲလိုမျိုးနဲ့ ကြိုးစားလာတာပေါ့။” လို့ပြောပါတယ်။
ပညာလာသင်တဲ့ ကလေးတွေကို ထိန်းကျောင်းရတာမလွယ်ဘူး၊ အဓိကတော့ စည်းကမ်းများကို မလိုက်နာကြဘူး ဆိုပြီး ကို အားနော်က ဆက်ပြောပါတယ်။

အခုနောက်ပိုင်း ဘယ်လုပ်ငန်းမဆို လုပ်ဆောင်သွားမယ့်သူများကို အားပေးခဲ့တာကတော့  “ ဘယ်အလုပ်ကိုမဆို တန်ဖိုးထားပြီး၊ စိတ်ပါ၊ ကိုယ်ပါ ကြိုးစားကြပါ “ ဆိုပြီးပြောသွားပါတယ်။

New Step ( ခြေလှမ်းသစ် )



No comments:

Post a Comment